တိုင်ဖွန်းယာဂီကြောင့် ဖြစ်ပေါ်လာသည့် ရေကြီးရေလျှံမှုများသည် မြန်မာနိုင်ငံ၏ နေရာဒေသအနှံ့အပေါ် များစွာ သက်ရောက်မှုရှိခဲ့ပြီး ရွှေသံလွင်လုပ်ငန်းစုအနေဖြင့် အဆိုပါ နေရာဒေသများရှိ လူ့အဖွဲ့အစည်းများကို ကူညီထောက်ပံ့မှုများပေးနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။ တိုင်ဖွန်းယာဂီသည် စက်တင်ဘာလလယ်ပိုင်းတွင် အရှေ့တောင်အာရှ နိုင်ငံများစွာကို ဝင်ရောက်ခဲ့ခြင်းကြောင့် ထိခိုက်ပျက်စီးမှုများစွာကို ဖြစ်ပေါ်စေခဲ့ကာ မြန်မာနိုင်ငံတွင်လည်း ဆိုးရွားသော ရေကြီးမှုများကို ဖြစ်ပေါ်စေခဲ့ပါသည်။
Sky Net နှင့် Shwe Bank အဖွဲ့ဝင်များ ပါဝင်သော ရွှေသံလွင်လုပ်ငန်းစုသည် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ မြန်မာနိုင်ငံရှိ မြို့နယ်များတွင် စားနပ်ရိက္ခာ ထောက်ပံ့မှုများပေးနိုင်ရန် ဆက်လက်ဆောင်ရွက် လှူဒါန်းလျက်ရှိပါသည်။
စက်တင်ဘာ ၁၅ နှင့် ၁၆ ရက်များတွင် ရွှေသံလွင်လုပ်ငန်းစုသည် Sky Net နှင့် Shwe Bank တို့နှင့်အတူ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း၊ ပုဗ္ဗသီရိနဲ့ ဇေယျာသီရိမြို့နယ်များရှိ ရေဘေးသင့်ပြည်သူများအတွက် ထမင်းဘူး ၂၀,၀၀၀ ကို လှူဒါန်းခဲ့ပါသည်။
လုပ်ငန်းစုအနေဖြင့် ကယ်ဆယ်ရေးစင်တာများတွင် နေထိုင်လျက်ရှိသည့် ရေဘေးသင့်ပြည်သူများ၊ မိသားစုများအတွက် ထောက်ပံ့မှုများပေးနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ရေကြီးရေလျှံမှုကြောင့် ဖြစ်ပေါ်လာသည့် အခက်အခဲ အဆင်မပြေမှုများအတွက် များစွာ စိတ်မကောင်းဖြစ်ရပြီး ယခုလို စိန်ခေါ်မှုများ ပြည့်နှက်နေချိန်တွင် ကျွန်တော်တို့အနေဖြင့် လူ့အဖွဲ့အစည်းများကို ကူညီပေးရန် တာဝန်ရှိပါသည်။ ကျွန်တော်တို့၏ လှူဒါန်းမှုများသည် ရေဘေးသင့်ပြည်သူများအတွက် အနည်းနှင့်အများ အကျိုးပြုနိုင်ရန် မျှော်လင့်မိပါသည်
— ဟု ရွှေသံလွင်လုပ်ငန်းစု၏ ပြောရေးဆိုခွင့်ရှိသူမှ ပြောကြားခဲ့ပါသည်။
ကယ်ဆယ်ရေးလုပ်ငန်းစဥ်များ ဆက်လက်ဆောင်ရွက်နေစဉ် ရွှေသံလွင်လုပ်ငန်းစုအနေဖြင့် ရေဘေးသင့်ပြည်သူများအတွက် လိုအပ်သည့် အကူအညီများကို ဆက်လက် လှူဒါန်းထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သန္နိဌာန် ပြုထားပါသည်။