လွန်ခဲ့သော ရက်သတ္တပတ်များအတွင်း မြန်မာနိုင်ငံတွင် မုတ်သုံမိုး သည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကာ နိုင်ငံတစ်ဝှမ်းရှိ လူထောင်ပေါင်းများစွာကို ထိခိုက်စေခဲ့ပါသည်။ မိသားစုများ၏ နေအိမ်များနှင့် စားဝတ်နေရေးဆိုင်ရာ ပစ္စည်းဉစ္စာများ မျောပါသွားခဲ့သည့် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့သည် ထိခိုက်ခံရသော နေရာဒေသများအနက် အဆိုးရွားဆုံး ဒေသတစ်ခုဖြစ်ပါသည်။
တောင်ငူမြို့တွင် ရေကြီးမှုကြောင့် လူနေအိမ်များနှင့် လယ်ယာမြေများ ရေနစ်မြုပ်ကာ အခြေခံအဆောက်အအုံများ ပျက်စီးဆုံးရှုံးပြီး မိသားစုများအနေဖြင့် စားနပ်ရိက္ခာ၊ အဝတ်အထည်နှင့် ငွေကြေး ကူညီပံ့ပိုးမှုများကို လိုအပ်နေခဲ့ပါသည်။ ရပ်ကွက် (၁၉) တွင် ဆိုးရွားစွာ ပျက်စီးဆုံးရှုံးမှုများရှိခဲ့ပြီး နေထိုင်သူ အိမ်ထောင်စုများအားလုံး အခြေခံရိက္ခာများ ပြတ်တောက်ကာ ပြန်လည် ထူထောင်နိုင်ရန် ကြိုးစားရုန်းကန် နေကြရပါသည်။
ရွှေသံလွင်လုပ်ငန်းစု ၊ SkyNet မီဒီယာ နှင့် ရွှေဘဏ် မှ လုပ်အားပေးများအပြင် အခြားကုမ္ပဏီခွဲများမှ ဝန်ထမ်းများ စုပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများကို လျင်မြန်စွာ အကောင်အထည်ဖော်နိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ လုပ်အားပေးအဖွဲ့သည် ရေဘေးသင့် အိမ်ထောင်စုပေါင်း ၉၀ ကို ထောက်ပံ့ကူညီရန်အတွက် အောက်တိုဘာလ (၁၁) ရက်နေ့တွင် တောင်ငူမြို့သို့ သွားရောက်ခဲ့ပါသည်။
ရေဘေးသင့် မိသားစုများ ရှင်သန်နေထိုင်ရန် မရှိမဖြစ် လိုအပ်သော အခြေခံပစ္စည်းများဖြစ်သည့် ဆန်အိတ်များ၊ ငါးသေတ္တာများ၊ ခေါက်ဆွဲခြောက်၊ ကော်ဖီနှင့် အဝတ်အထည်များကိုပါ လုပ်အားပေးများမှ တစ်ပါတည်း ယူဆောင်သွားခဲ့ကြပါသည်။ ခက်ခဲသော အချိန်ကာလတွင် အိမ်ထောင်စုများ ပြန်လည်ထူထောင်နိုင်စေရန် အစားအသောက်နှင့် အဝတ်အထည်များအပြင် ငွေကြေးထောက်ပံ့မှုများကိုလည်း လုပ်ငန်းစုမှ ပေးအပ်ခဲ့ပါသည်။
ကူညီထောက်ပံ့မှုတွေ အားလုံးအတွက် ရွှေသံလွင်လုပ်ငန်းစုကို ကျေးဇူးတင်မိပါတယ်။ ဒါဟာ ကျွန်မရဲ့မိသားစုနဲ့ တခြားသူတွေအတွက် တကယ့်ကို အထောက်အကူဖြစ်စေခဲ့ပါတယ်။
— ရေဘေးသင့် ပြည်သူတစ်ဦး
ရေဘေးသင့် မိသားစုများအတွက် လိုအပ်သည့် ကူညီထောက်ပံ့မှုများကို မမောမပန်း လုပ်ဆောင်ပေးခဲ့သော ကျွန်ုပ်တို့၏ လုပ်အားပေး ဝန်ထမ်းများ၏ ကြိုးစားမှုအတွက် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါသည်။ ခက်ခဲနေစဥ်ကာလတွင် လူ့အဖွဲ့အစည်း၏ စုပေါင်းစွမ်းအားနှင့် အချင်းချင်း ချိတ်ဆက်နေခြင်းတို့သည် အရေးကြီးကြောင်း ရွှေသံလွင်လုပ်ငန်းစုမှ ယုံကြည်ပါသည်။ ပြည်သူလူထု ၊ လုပ်ငန်းများနှင့် လူ့အဖွဲ့အစည်းများအကြား ချိတ်ဆက်မှု ရှိနေခြင်းသည် လိုအပ်နေသူများအား ဆက်လက်ကူညီသွားမည့် ကျွန်ုပ်တို့အတွက် ခွန်အားဖြစ်စေပါသည်။