ကမ္ဘာအနှံ့တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေချိန်တွင် ရန်ကုန်မြို့ရှိ အောင်မြင့်မို ကိုဗစ်စင်တာ (စင်တာ) သည် မြန်မာနိုင်ငံ၏ ကိုဗစ်ရောဂါ ကာကွယ်တိုက်ဖျက်ရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါသည်။ ၂၀၂၀ ခုနှစ် ၊ စက်တင်ဘာလတွင် သီးသန့်ခွဲထားရေး နှင့် ကုသရေးစင်တာအဖြစ် စတင်ခဲ့သည့် အောင်မြင့်မို ကိုဗစ်စင်တာသည် ကပ်ရောဂါကာလအတွင်း မြန်မာပြည်သူများအတွက် လိုအပ်သည့် စောင့်ရှောက်မှုနှင့် ကူညီပံ့ပိုးမှုများပေးရာတွင် အရေးပါသော အခန်းကဏ္ဍတစ်ခုမှ ပါဝင်လာခဲ့ပါသည်။
မြန်မာနိုင်ငံ၏ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ပိုင်ဆိုင်သည့် အများပိုင် အိမ်ရာအဆောက်အအုံများကို အောက်ဆီဂျင် အလှူရှင်များနှင့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းထံ ယာယီ လွှဲပြောင်းပေးခဲ့ပါသည်။ ဤလုပ်ငန်းစဥ် လှုပ်ရှားမှုကို ရွှေသံလွင်လုပ်ငန်းစုမှ ဦးဆောင်၍ စင်တာကို စီမံခန့်ခွဲကာ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် လိုအပ်သော အရင်းအမြစ်များဖြင့် ပံ့ပိုးပေးခဲ့ပါသည်။
အောင်မြင့်မိုစင်တာ စတင်ခဲ့ပုံနှင့် အခန်းကဏ္ဍ
စင်တာကို ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ရောဂါကူးစက်ခံရသူများအတွက် သီးသန့်ခွဲထားရာ နေရာအဖြစ် စတင်အသုံးပြုခဲ့ပါသည်။ သို့သော် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်းဖြစ်ပွားချိန် ၂၀၂၁ ခုနှစ် ၊ ဇူလိုင်လတွင် စင်တာကို ရောဂါကုသရေးဌာနအဖြစ်သို့ ပြောင်းလဲခဲ့ပါသည်။ ထိုကာလအတွင်းတွင် ပြည်သူပေါင်း ၃၅,၀၀၀ ခန့်ကို ကျန်းမာရေး စောင့်ရှောက်မှုများ သာမက အစားအသောက်များဖြင့်လည်း ကူညီပံ့ပိုးပေးခဲ့ပါသည်။
အောက်ဆီဂျင်အလှူရှင်များနှင့် စေတနာ့ဝန်ထမ်းအဖွဲ့၏ ဦးဆောင်အဖွဲ့ဝင်ဖြစ်သော ရွှေသံလွင်လုပ်ငန်းစုသည် စင်တာ၏ လုပ်ငန်းလည်ပတ်ရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပါသည်။ လုပ်ငန်းစုသည် ၎င်း၏ ဝန်ထမ်းများအား စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်လုပ်ဆောင်ရန် လှုံ့ဆော်တိုက်တွန်းခဲ့ရုံသာမက စင်တာ၏ လုပ်ငန်းလည်ပတ်ရေးများ အဆင်ပြေချောမွေ့စေရန် စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းများ ၊ ပရဟိတ အသင်းအဖွဲ့များနှင့်လည်း ညှိုနှိုင်းဆောင်ရွက်မှုများကို ပြုလုပ်ခဲ့ပါသည်။ ၂၀၂၀ ခုနှစ် ၊ စက်တင်ဘာလ မှ ၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာလ ကာလအတွင်း လုပ်ငန်းစုသည် စင်တာသို့ ကျပ်သန်းပေါင်း ၁,၃၀၀ လှူဒါန်းခဲ့သည့်အပြင် ကိုဗစ်-၁၉ ကုသရေး လုပ်ငန်းစဥ်များ ဆောင်ရွက်ရေးအတွက် ကျပ်သန်းပေါင်း ၁၁၀ ကိုလည်း ထပ်မံ လှူဒါန်းခဲ့ပါသည်။
“မြန်မာနိုင်ငံမှ ကပ်ရောဂါ၏ ဆိုးကျိုးများကို ကျော်လွှားနိုင်အောင် ကူညီပေးရန်” ဆိုသည့် စင်တာအတွက် ထားရှိသော ရွှေသံလွင်လုပ်ငန်းစု၏ ရည်မှန်းချက်မှာ သိသာထင်ရှားပါသည်။ လူအင်အား၊ အရင်းအမြစ်များနှင့် ငွေကြေးဆိုင်ရာ ပံ့ပိုးကူညီမှုများဖြင့် ရွှေသံလွင်လုပ်ငန်းစုသည် လူမျိုး၊ ဘာသာ၊ လူမှုရေး အဆင့်အတန်းမခွဲခြားဘဲ မြန်မာနိုင်ငံရှိ လူ့အဖွဲ့အစည်းများကို ကာကွယ်စောင့်ရှောက်ပေးရန် အားထုတ်ကြိုးပမ်းခဲ့ပါသည်။
ကိုဗစ်စင်တာမှာ အလုပ်လုပ်ရတာကို ဂုဏ်ယူမိပါတယ်။ အထူးသဖြင့် အဖော်မရှိ တစ်ယောက်တည်းဖြစ်လို့ ကြောက်နေသူတွေ ဒါမှမဟုတ် အောက်စီဂျင် ပြတ်လပ်မှာကို စိုးရိမ်နေသူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အကြံဥာဏ်တွေ ပေးခြင်းဖြင့် ကူညီပေးနိုင်ခဲ့ပါတယ်။
— ရွှေသံလွင်လုပ်ငန်းစုမှ စေတနာ့ဝန်ထမ်း
စင်တာဝန်ဆောင်မှု၏ အကျိုးသက်ရောက်မှု
အောင်မြင့်မို ကိုဗစ်စင်တာသည် မြန်မာနိုင်ငံ၏ ကူးစက်ရောဂါ ကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းစဥ်တွင် ဖျောက်ဖျက်၍မရသော အမှတ်အသားတစ်ခုကို ထင်ကျန်စေခဲ့ပါသည်။ ၎င်း၏ ကူညီပံ့ပိုးမှုများသည် ဗိုင်းရပ်စ်ပျံ့နှံ့မှုကို လျော့ကျစေခဲ့သည့်အပြင် လိုအပ်နေသူများအတွက် အရေးကြီးသော ကျန်းမာရေး ကုသစောင့်ရှောက်မှုများကိုလည်း ပေးစွမ်းနိုင်ခဲ့ပါသည်။ “ဝန်ဆောင်မှုများဖြင့် ကူညီစောင့်ရှောက်ပေးရန်” ဟူသည့် ကတိကဝတ်များမှတဆင့် စင်တာသည် မြန်မာနိုင်ငံ၏ သမိုင်းတစ်လျှောက် အခက်ခဲဆုံးကာလများအနက် တစ်ခုဖြစ်သည့် အချိန်ကာလ၌ နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းတွင် အရေးပါသော အခန်းကဏ္ဍတစ်ခုအဖြစ် ထင်ကျန်နိုင်ခဲ့စေရန် လုပ်ငန်းစု နှင့် ၎င်း၏ မိတ်ဖက်များမှ ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။