ရွှေသံလွင်လုပ်ငန်းစုက ငလျင်ဒဏ်ခံရသော ပြည်သူများသို့ ငွေကြေးနှင့် မရှိမဖြစ်လိုအပ်သော စားသောက်ဖွယ်ရာများ ပေးဝေလှူဒါန်း

၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံ၌ လှုပ်ခတ်ခဲ့သည့် အင်အား ၇ ဒသမ ၇ အဆင့်ရှိ ပြင်းထန်သော ငလျင်ကြောင့် ထိခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် ရွှေသံလွင်လုပ်ငန်းစုက လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ကယ်တင်ရေးလုပ်ငန်းများအတွက် သိသာထင်ရှားသည့် ‌ငွေကြေးထောက်ပံ့မှုများဖြင့် ပံ့ပိုးကူညီပေးခဲ့ပါသည်။ ထို့အပြင် ရွှေသံလွင်လုပ်ငန်းစုအနေဖြင့် ငလျင်ဒဏ်သင့်ဒေသခံများထံ အကူအညီအထောက်အပံ့များ အချိန်မီ ရောက်ရှိစေရေးအတွက် အရေးတကြီးလိုအပ်နေသော အစားအစာများကို အမြန်ဆုံး ဖြန့်ဝေနိုင်ရန် ဦးစားပေးဆောင်ရွက်လျက်ရှိပါသည်။

လူမှုအသိုက်အဝန်းအတွက် လူနေမှုဘဝ တိုးတက်စေရေးဟုသော ကျွန်ုပ်တို့ ကတိကဝတ် ပြုထားမှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ရွှေသံလွင် လုပ်ငန်းစုနှင့် ၎င်း၏ လုပ်ငန်းခွဲများဖြစ်သည့် SHWE ဘဏ်၊ SKY NET၊ Mandala နှင့် အခြားသော လုပ်ငန်းခွဲများက နေပြည်တော်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများအတွက် အရေးပေါ်အထောက်အပံ့များ ပံ့ပိုးကူညီခြင်းနှင့် ကယ်ဆယ်ရေးနင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အကူအညီများ ပေးနိုင်ရန် အစဉ်တစိုက် အားထုတ်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။   

၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှစတင်၍ ရွှေသံလွင်လုပ်ငန်းစုက အစားအစာ ထောက်ပံ့ပေး ဝေမှု အစီအစဉ်ကို ကျယ်ပြန့်စွာ စတင်ခဲ့ပြီး ငလျင်ဒဏ်ကြောင့် အိုးအိမ်စွန့်ခွာ နေထိုင်ရသူများ၊ အရေးပေါ်တုံ့ပြန်ဆောင် ရွက်နေသူများ၊ စေတနာ့ဝန်ထမ်းများနှင့် ဘာသာရေးအဖွဲ့အစည်းများထံသို့ တစ်နေ့လျှင် ထမင်းဗူး ၄၀,၀၀၀ ခန့် နေ့စဉ်ဖြန့်ဝေလျက်ရှိပါသည်။ ထို့အပြင် ဒေသခံလူမှုအသိုက်အဝန်းများ၏ လိုအပ်ချက်ပေါ်အခြေခံ၍ ထမင်းဗူးများ ထောက်ပံ့ပေးဝေမှုကို တိုးချဲ့ဖြည့်ဆည်းပေးနိုင်ရန် ဒေသခံလူမှုအဖွဲ့အစည်းများထံမှ အကြံပြုချက်များကိုလည်း စဉ်ဆက်မပြတ် စုဆောင်းရယူလျက်ရှိပါသည်။ 

အရေးပေါ် စားသောက်ဖွယ်ရာများ ဖြန့်ဝေမှုအပြင် ရွှေသံလွင်လုပ်ငန်းစုနှင့် ၎င်း၏ လုပ်ငန်းခွဲများက စတီးလ်ရေလှောင်ကန်များ၊ သန့်ရှင်းသောသောက်သုံးရေများ၊ ဆေးဝါးပစ္စည်းများ၊ ရောဂါကူးစက်မှုမှ ကာကွယ်ရန် တစ်ကိုယ်ရေသုံး သန့်ရှင်းရေးပစ္စည်းများနှင့် ယာယီအခြေချနေထိုင်ရာ နေရာများတွင် သန့်ရှင်းမှုကောင်းမွန်စေရန် ရွှေ့ပြောင်းလွယ်သည့် အိမ်သာများကိုပါ ဖြန့်ဝေပေးလျက်ရှိပါသည်။ ရေရှည်ဖြေရှင်းမှုများကို မြှင့်တင်နိုင်ရန်အတွက် ‌ရွှေသံလွင်လုပ်ငန်းစု၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည့် Mandala ကုမ္ပဏီက အဓိက အများပြည်သူ နေထိုင်အသုံးပြုနိုင်သည့်နေရာများဖြစ်သော ဘုန်းတော်ကြီးကျောင်း ၄ ကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း ၂ ကျောင်းနှင့် ဗလီ ၂ ကျောင်းတို့တွင် ရေသန့်စင် စနစ်များနှင့် အလွယ်တကူရွှေ့ပြောင်းနိုင်သော solar ဖြင့် လျှပ်စစ်မီးထုတ်ပေးနိုင်သည့် စက်ပစ္စည်းများကို တပ်ဆင်ပေး လျက်ရှိပါသည်။ ဤကဲ့သို့သော ကျွန်ုပ်တို့ရွှေသံလွင်လုပ်ငန်းစု၏ ကြိုးပမ်းမှုများသည် ငလျင်ဒဏ်မှပြန်လည် ထူထောင်လာစေရေးနှင့် ခံနိုင်ရည်ရှိမှုအတွက် ရေရှည်တည်တံ့သော ရပ်ရွာအခြေပြု ကူညီပံ့ပိုးမှု စနစ်များ တည်ဆောက်နိုင်ရန် ရည်ရွယ်ခြင်း ဖြစ်ပါသည်။

အချိန်မီ လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်ပေးနေသည့် ကျွန်ုပ်တို့ရွှေသံလွင်လုပ်ငန်းစု၏ ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် စေတနာသဒ္ဒါအား ထက်သန်စွာဖြင့် လှူဒါန်းကြသည့် အလှူရှင်များအား ရွှေသံလွင် လုပ်ငန်းစုက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်အပ်ပါသည်။ ဤကဲ့သို့သော အလှူရှင်များနှင့် စေတနာ့ဝန်ထမ်း များ၏ ဖေးမကူညီမှုများသည် စည်းလုံးညီညွတ်မှုနှင့် ခံနိုင်ရည်ရှိမှု၏ ပြယုဂ်ပင် ဖြစ်ပါသည်။ ကျွန်ုပ်တို့ ရွှေသံလွင်လုပ်ငန်းစုသည် ငလျင်ဒဏ်သင့်ပြည်သူများ ပြန်လည်ထူ‌ထောင်လာနိုင်ရေးအတွက် ကြိုးပမ်းသည့် ခရီးလမ်းတွင် မြန်မာပြည်သူများနှင့် အတူတကွ ရပ်တည်ပြီး ဖြစ်နိုင်သမျှနည်းလမ်းပေါင်းစုံဖြင့် ကူညီပံ့ပိုးသွားရန် ခိုင်မာစွာ ကတိပြုထားပါသည်။ 

သင်စိတ်ဝင်စားနိုင်မည့် အရာများ

ရွှေသံလွင်လုပ်ငန်းစုက FIBA MAP Myanmar 2025 သင်တန်းအတွက် မြန်မာနိုင်ငံဘတ်စကတ်ဘောအဖွဲ့ချုပ်အား ပံပိုးကူညီ

ရွှေသံလွင်သည် လူမှုဝန်းကျင်ဆိုင်ရာ တာဝန်ယူမှု  (CSR) လုပ်ငန်းစဥ်များအတွက်  AMCHAM  မှ ပေးအပ်သော  Captain of Industry Award  ကို ရရှိခြင်း

တောင်ငူတွင် ရေဘေးဒဏ်ကို ခံခဲ့ရသည့် မိသားစုများအတွက် လိုအပ်သည့် ကူညီမှုများ ပေးလျက်ရှိ